ဘာကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် ကင်ဆာပိုဖြစ်ကြတာလဲ
ကင်ဆာရောဂါဟာ လူတိုင်းမှာ ဖြစ်နိုင်ပေမယ့် အမျိုးသားတွေက အမျိုးသမီးတွေထက် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပိုများတယ် ဆိုတာကို သိကြလား?
ကင်ဆာရောဂါဆိုတာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ ရှိတဲ့ ဆဲလ်တွေက မူမမှန်တော့ဘဲ ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းလဲသွားပြီး ပွားများလာတဲ့ ရောဂါပါ။ ခန္ဓာကိုယ်မှာ ဖြစ်နိုင်တဲ့ ကင်ဆာအမျိုးအစားပေါင်း များစွာ ရှိပါတယ်။
အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါနဲ့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေ မတူကြပါဘူး။ ကင်ဆာရောဂါအတော်များများက အမျိုးသားတွေမှာ ဖြစ်နိုင်ခြေပိုများပြီး ဖြစ်နိုင်ခြေအများဆုံးကင်ဆာက အစာရေမျိုးကင်ဆာ ဖြစ်ကာ အမျိုးသမီးတွေထက် ၁၀ ဒဿမ ၈ ဆ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ဘာကြောင့် အမျိုးသားတွေမှာ ကင်ဆာဖြစ်နိုင်ခြေ ပိုများတာလဲ?
ခန္ဓာကိုယ်အချိုးအစား…
ကျားဟော်မုန်းဖြစ်တဲ့ Testosterone ပိုမိုများပြားတဲ့အတွက် ယေဘုယျအားဖြင့် အမျိုးသားတွေက အမျိုးသမီးတွေထက် ခန္ဓာကိုယ် ပိုမိုထွားကျိုင်းလေ့ ရှိပါတယ်။ ပိုကြီးတဲ့ ခန္ဓာကိုယ်မှာ ဆဲလ်အရေအတွက်လည်း ပိုများတဲ့အတွက် ကင်ဆာဆဲလ်အဖြစ်သို့ သန္ဓေပြောင်းနိုင်ခြေလည်း ပိုပြီး များပါတယ်။
သုတေသနတွေအရ အရပ်ရှည်တဲ့သူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသားတွေက အမျိုးသမီးတွေထက် အရပ်ပိုရှည်တာကလည်း ကင်ဆာပိုဖြစ်နိုင်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုပါပဲ။
နေထိုင်စားသောက်မှုပုံစံ (Lifestyle)…
အမျိုးသားတွေထဲမှာ ဆေးလိပ်သောက်သူ ပိုများပါတယ်။ နီကိုတင်းအပါအဝင် ဆေးလိပ်မှာပါတဲ့ အဆိပ်ဓာတ်တွေက ဆဲလ်တွေရဲ့ DNA ကို ပျက်စီးစေသလို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ကင်ဆာဆဲလ်တွေကို ပြန်လည်တိုက်ထုတ်နိုင်ခြင်း မရှိအောင် လုပ်ဆောင်တဲ့အတွက် ကင်ဆာဖြစ်နှုန်း ပိုများစေပါတယ်။
အသည်းကင်ဆာကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုဖြစ်တဲ့ အရက်အလွန်အကျွဲ စွဲသောက်ခြင်းကို လုပ်ဆောင်လေ့ရှိသူ အများစုကလည်း အမျိုးသားတွေပါ။
အမျိုးသားတွေဟာ ကျောက်မီးသွေးတွင်း၊ သတ္ထုတွင်းနဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်လေ့ရှိတဲ့အတွက် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှု၊ ညစ်ညမ်းတဲ့ လေထုကို ရှူရှိုက်ရမှုကြောင့် ဖြစ်တတ်တဲ့ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာ စတဲ့ လုပ်ငန်းခွင်ကြောင့် ဖြစ်တဲ့ ကင်ဆာတွေ ဖြစ်နိုင်ခြေလည်း ပိုများပါတယ်။
လိင်အမျိုးအစား…
အမျိုးသားတစ်ယောက်ဖြစ်ဖို့ မျိုးရိုးဗီဇမှာ X Chromosomes ၁ ခုနဲ့ Y Chromosomes ၁ ခုပါရှိရမှာ ဖြစ်ပြီး အမျိုးသမီးတွေမှာတော့ X Chromosomes ၂ ခု ပါရှိရပါတယ်။ နောက်ဆုံးသုတေသနတွေအရ X Chromosomes တွေမှာ ကင်ဆာအကျိတ်တွေကို ဖိနှိပ်ပေးနိုင်တဲ့ မျိုးရိုးဗီဇတွေ ပါဝင်ပါတယ်။ ဒါကြောင့် X Chromosomes ၂ ခု ပါဝင်တဲ့ အမျိုးသမီးတွေက ကင်ဆာဆဲလ်တွေကို ခုခံတိုက်ခိုက်နိုင်စွမ်း ပိုများပါတယ်။
ကျန်းမာရေးအသိရှိမှု…
အမျိုးသမီးတွေက စိုးရိမ်စိတ် ပိုများတဲ့အတွက် တစ်ခုခုခံစားရရင် ဆေးရုံဆေးခန်းကို သွားရောက်ပြသနှုန်းလည်း ပိုများပါတယ်။ ဒါကြောင့် ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်ရင်လည်း စောစီးစွာ သိရှိပြီး အချိန်မီ ကုသပျောက်ကင်းနိုင်ခြေ ပိုများတာပါ။
ဒီအချက်တွေက ယေဘုယျသဘောအနေနဲ့သာ ဖြစ်ပြီး အမျိုးသမီးဖြစ်ပေမယ့် အဝလွန်နေတာ၊ ဆေးလိပ်နဲ့အရက် စွဲသောက်တာ၊ ကျန်းမာရေးနဲ့ မညီတဲ့ နေထိုင်စားသောက်ပုံတွေ လုပ်နေတာဆိုရင် ကင်ဆာဖြစ်နိုင်ကလည်း များမှာပါပဲ။ ဒါကြောင့် အမျိုးသားတွေက ကင်ဆာဖြစ်နိုင်ခြေ ပိုများတတ်တာကို စိတ်ထဲမထားဘဲ ကျန်းမာရေးနဲ့ ညီအောင် နေထိုင်စားသောက်ခြင်းဖြင့် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ကြပါစို့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်
test 27 Oct 2023 |
loizha
test2 27 Oct 2023 |
test3 27 Oct 2023 |